Sunday, July 13, 2014

အရိမေတ္တယျဘုရားအကြောင်း

ဘုရားပွင့်တဲ့ ကံကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ ရှိတဲ့ လူတွေရဲ့ အတောင်နဲ့ အတောင် ခုနှစ်ဆယ် ရှိမယ်တဲ့။ အကိုင်းအခက် ကိုးကိုင်း ၊ခက်မကိုးဖြာလို့ခေါ်တယ်။ ကံကော်ပင်ရဲ့ အနံ့တွေက လေအောက်ကို ဆယ်ယူဇနာ မွှေးမယ်။ လေအထက်ကို ဆယ်ယူဇနာ မွေးမယ်။ ကံကော်ပွင့်တွေကလည်း နွားလည်း ဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့က စ၍ ပွင့်ကြတဲ့ ကံကော်ပွင့်တွေက ဘုရားပရိနိဗ္ဗာန်စံတဲ့အထိ အမြဲတမ်း လန်းဆန်းနေပြီးတော့ ဘုရားပရိနိဗ္ဗာန်စံတဲ့ နေ့ကြမှ ကြွေကျတော့မှာတဲ့။ အဲဒီကံကော်ပင်ကို ဘယ်ငှက်သတ္တ၀ါမှ မနားဝံ့ကြ။ ဖြတ်ကျော် မပျံဝံ့ကြတော့ဘူး။ ကံကော်ပင်နားရောက်တဲ့ ငှက်စတဲ့ သတ္တ၀ါတိုင်း ကံကော်ပင်ကို လက်ယာရစ် သုံးပတ် ပတ်ပြီးမှ သွားကြလိမ့်မယ်။ အဲဒီကံကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက် ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းတို့ရဲ့ ထုံးတမ်းစဉ်လာအရ ဗြဟ္မာမင်းကြီး ရဲ့ လောကဂရုကို ခံယူလိမ့်မယ်။ လောကဂရု ယူပုံက ရောဂါဝေဒနာ အမျိုးမျိုးနှိပ်စက်ခံနေရတဲ့ လူနာထံကိုကုသဖို့ရာ ရောက်လာတဲ့ဆရာက အဘယ်ကုထုံး အဘယ်ဆေးနည်းများဖြင့် ဤလူနာ၏ အနာရောဂါကို ပျောက်ငြိမ်းအောင် ကုစားရပါမည်နည်း လို့ ကြံစည်၍ နေရသကဲ့သို့ ကိလေသာရောဂါ အမျိုးမျိုး လွှမ်းမိုးနှိပ်စက်ခံနေရတဲ့ သတ္တ၀ါအပေါင်းတို့ကို အဘယ်တရားများဖြင့် အဘယ်သတ္တ၀ါတို့ကို ဟောကြားရပါမည်နည်းဟု သတ္တ၀ါတွေ တရားကို သိနိုင်ရေးကို ကြံတွေးဆင်ခြင်သည့် စိတ်စဉ်ဖြစ်နေတာကို လောကဂရုယူတယ် လို့ခေါ်တယ်။ သတ္တ၀ါလူသားတွေဟာ သာသနာပြင်ပ ဘုရားမပွင့်မှီ ဗာရီရကာလမှာ ဘုရားက မပွင့်သေးတော့ တရားမနာရ။ မနာရတော့ အပြစ်ရှိတဲ့တရား အပြစ်မရှိတဲ့တရားမှန်းမသိ။ မသိတော့ နေချင်သလိုနေ၊ သွားချင်သလို သွား၊ စားချင်သလိုစား၊ ကာမဂုံအာရုံတွေနဲ့ ပျော်နေတော့ အနိစ္စကို နိစ္စလို့ထင်၊ ဒုက္ခကို သုခလို့ထင်၊ အနတ္တကို အတ္တလို့ထင်၊ အသုဘကို သုဘလို့ ထင်နေကြပြီး ပျော်မွေ့နေတော့ တရားဟောဖို့ရာ ခဲယဉ်းနေတယ်။ မြတ်စွာဘုရား ဟောရမှာ နိစ္စထင်နေတာကို အနိစ္စလို့ မြင်အောင်ဟောရမှာ။ သုခထင်နေတာကို ဒုက္ခလို့မြင်အောင် ဟောကြားရမှာ။ အတ္တသမားတွေကို အနတ္တသမားဖြစ်အောင် ဟောရမှာ သုဘထင်နေတာကို အသုဘလို့ မြင်လာအောင် ဟောရမှာဆိုတော့ အဘယ်သို့သော နည်းပရိရာယ်မျိုးတွေနဲ့ အိုနာသေမှ လွတ်မြောက်အောင် အမှန်ကို အမှန်တိုင်းမြင်လာအောင် ဘယ်တရား ဟောရပါ့မတုန်းလို့ ဘုရားဖြစ်ခြင်း လောလောဆယ် တရားဟောရန် အားမထုတ်သေးသော အနေဖြင့် စိတ်တော်အစဉ်ညွှတ်ပြီး နေတော်မူတဲ့ အချိန်- ဗြဟ္မာမင်း မြတ်စွာဘုရားရဲ့ စိတ်အကြံသိတဲ့ အခါ ဗြဟ္မာအပေါင်း တစ်သောင်းခြံရံလျက် မြတ်စွာဘုရားထံ ရောက်လာပြီးတော့ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ လူနတ်ဗြဟာသတ္တ၀ါ အပေါင်းတို့အား တရားဟောတော်မူပါဘုရား၊ အသိညဏ်ပညာ မျက်စိ၌ ကိလေသာမြူမှုန် ကာမဂုံအာရုံ နည်းပါးကြ၍ ပါရမီဓါတ်ခံ အခြေခံပါတဲ့ ပုဂ္ဂိုလ်များစွာရှိပါတယ်ဘုရား၊ အဲဒီပုဂ္ဂိုလ်တွေက မြတ်စွာဘုရား ဟောကြားမည့် တရားတော်ကို သိမြင် နားလည်နိုင်သော ပုဂ္ဂိုလ်တွေကို ငဲ့ငြာသနားသောအားဖြင့် တရား ဟောတော်မူပါဘုရား လို့ လျှောက်တော့ မြတ်စွာဘုရားက လက်ခံတော်မူလိုက်တယ်။ ဗြဟ္မာမင်းတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မှီ ဗာရီရ ကာလမှာ လူဝတ်ကြောင်များ ရသေ့ပရဗိုဇ် ရဟန်းပုဏ္ဏားတို့တွေဟာ ဗြဟ္မာကိုသာ အလေးပြု ကိုးကွယ်နေကြတာ။ တစ်လောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားကို အလေးပြု ညွှတ်တွား ကိုင်းရှိုင်း လာလျှင် တစ်လောကလုံးပင်မြတ်စွာဘုရားကို အလေးပြုညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာခေါ်တယ်။ ဗြဟ္မာမင်းထံမှာ တရားဟောဖို့ရန် ၀န်ခံပြီးတယ် ဆိုရင်ပဲ ဣသိပတန ဥယျာဉ်တောသို့ ဓမ္မစကြာတရား ဟောဖို့ရန် ကြွလိမ့်မယ်၊ ဘုရားရှင်ခြေတော် အစုံကို ခံအံ့သောငှာ မြေကြီးကိုခွဲရ အတောင်သုံးဆယ်ရှိတဲ့ ကြာပွင်ချပ်ကြီး၊ ၂၅-တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင် ခြေချတိုင်း ပွင့်ပေးလိမ့်မယ်၊ လူပရိသတ် ၁၆-ယူဇနာ၊ နတ်ပရိတ်သတ် စကြာဝဋ္ဌာတိုက်အပြည့်၊ ဗြဟ္မာပြည် အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင်သော ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ၆ -ပါးလွှတ်၍ ဓမ္မစကြာတရားဟောတဲ့အခါ လူပုဂ္ဂိုလ် ကုဋေ တစ်သိန်း၊ နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်း ၀င်ကြလိမ့်မယ်။ ဓမ္မစကြာတရားဦးဟောတဲ့ နေ့အချိန်က စပြီးတော့ လူလည်းမကိုင် ၊နတ်လည်း မကိုင်၊မီးလည်း မလောင်၊ မိုးရွာလို့ မိုးမစို၊ မြူမှုန်အမှိုက် သရိုက်တွေလည်း မတင်သော ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ၊ သန္တာပန်းဆိုင်း၊ ပုလဲပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာ ၇-ပါးနှင့် ပြည့်စုံပြီး ၁၂-ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန်မျက်နှာကျတ်သည် ဓမ္မစကြာတရားဦး ဟောတဲ့နေ့မှစ၍ ပရိနိဗာန်ဝင်စံသည့် တိုင်အောင် နေ့ည အမြဲပင် လိုက်ပါ၍ မျက်နှာကျတ်အဖြစ် မိုးကာ၍နေမယ်။ အဲဒါ အဘယ်ကုသိုလ်ကြောင့်လဲ ဆိုရင် အဇိတရဟန်း ဘ၀မှာ မိထွေးတော် ဂေါတမီလှူဒါန်းတဲ့ ရွှေပုဆိုး အ၀တ်ကို ဂေါတမဘုရားအား မျက်နှာကျတ်အဖြစ် လှူဒါန်း၍ ဆုတောင်းခဲ့တဲ့ ကုသိုလ်ကြောင့်ရတာ။ အရိမေတ္တာယျ ဘုရားရှင် အခြံအရံ နောက်ပါရဟန်း ကုဋေတစ်သိန်းခြံရံ လျက် တရားဓမ္မတွေ ဟောပြော ပြသတဲ့အခါမှာ သင်္ခစကြာဝတေးမင်းက ရတနာ ၇-ပါးနှင့်ပြီးသော ပြသာဒ်ကျောင်းဆောင်ကို ဘုရားအမှူးရှိသော သံယာတော်တို့အား ဆောက်လုပ် လှူဒါန်းခြင်း တို့ ပြီးဆုံးတဲ့အခါမှာ မြတ်စွာဘုရားထံ ချည်းကပ်ပြီး ပရိသတ် ၈၄၀၀၀-ခြံရံလျက် ဟေဘိက္ခု ရဟန်းပြုကြလိမ့်မယ်။ သင်္ခမင်း၏ မိဖုရားဝိသာခါလည်း မောင်းမအပေါင်း ၈၄၀၀၀ ခြံရံလျက် ဧဟိဘိက္ခု ရဟန်းပြုကြလိမ့်မယ်။ မေတ္တယျဘုရား နေသန့်စင် သောအခါနေဖို့ရာအတွက် မြေကြီး တို့ကိုခွဲ၍ရတနာ ၇ ပါးနှင့်ပြည့်စုံ သော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေ မဏ္ဌပ်ကြီး ပေါ်ပေါက်လိမ့်မယ်။ ရွှေမဏ္ဌပ်အလယ်မှာ ပတ္တမြားပလ္လင် ပေါ်ပေါက်လိမ့်မယ်။ ရွှေမဏ္ဌပ်ပတ်ဝန်းကျင်မှာ ရွှေအိုး ငွေအိုးl ပတ္တမြားအိုးတွေနဲ့ ပြည့်စုံနေလိမ့်မယ်။ လူလည်းမထွန်း နတ်လည်းမထွန်းl ရတနာဆီမီးခွက် ဆီမီးတိုင်တို့ဟာ တပြောင်ပြောင် တလက်လက် ရှိနေလိမ့်မယ်။ ရွှေမဏ္ဌပ်ထောင့် လေးထောင့်မှာ အတောင် ၃၀ ဆယ်ရှိတဲ့ ခေါင်းလောင်းကြီးတွေ တွဲလဲစွဲလျက် ခေါင်းလောင်းသံတွေကလည်း စကြာဝဋ္ဌာတိုက် တစ်ခုလုံးကြားရမယ်။ ဘုရားတန်ခိုးတော်ကြောင့် ဗိတာန်ပန်းဆိုင်း တုရင်တိုင်း ထီးတံခွန် ဆီမီးတန်ဆောင် ရတနာ မဏ္ဌပ်ကြီးဟာ မေတ္တယျဘုရား တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆို အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆို ကျောင်း ပေါက်ဝl မြို့မှာဟောရင်မြို့မှာ ဟောတဲ့နေရာl တောမှာဟောရင် တောမှာဟောတဲ့နေရာ အစရှိတဲ့ နေရာတိုင်းမှာကောင်းကင်ယံက နေပြီးတော့ အမြဲတမ်း ပရိနိဗ္ဗာန်စံ တဲ့အထိ လိုက်ပါနေမှာ။ အရိမေတ္တယျဘုရားဟော တဲ့အခါမှာ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်မြို့ရွာဒေသ ဇနပုဒ်။ အိမ်ကပဲဟောဟော စကြာဝဋ္ဌာတိုက် တစ်သောင်းလုံး ဘုရားရှင်ရဲ့တရား ဟောအသံတော်ကို ကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဋာန်တော်ကိုလည်း မြင်ရမယ်။ ဘာသာ အယူဝါဒနဲ့ပြောရင် ယှဉ်ပြိုင်ဝါဒl ယှဉ်ပြိုင်ဘုရားရယ် လို့မရှိ။ ဗုဒ္ဓဘာသာ တစ်ခုသာရှိမယ်။ သေသွားတဲ့ပုဂ္ဂိုလ်တွေဟာ လည်း နိဗ္ဗာန်ရယ် နတ်ပြည် ဗြဟ္မာပြည် တွေပဲ ရောက်ကြမှာ။ ငရဲရောက် သူမရှိ။ အပါယ်လေးဘုံ ငရဲမှာ ရောက်ပြီးသား အဟောင်းတွေပဲရှိမယ်။ ဘုရာတန်ခိုးတော်ကြောင့် ၃၁ ဘုံ အကာအရံမရှိl ဖီလာထုတ်ချင်း ပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေကို မြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေတဲ့ ငရဲဒုက္ခမျိုး တွေမြင်ရမယ်။ အရိမေတ္တာဘုရားရှင်အရပ်တော် က အတောင်ရှစ်ဆယ်l မျက်တွင်းတော်က ငါးတောင်l ခံတွင်းတော်လည်း ငါးတောင်l နားရွက်တော် အစောက်ကား ငါးတောင်l လက် ချောင်းအကြားက တစ်ထွာl ခြေဖဝါးတော်အလျားက ဆယ်တောင် ခြေမျက်စိမှ ပဆစ်ဒူးတိုင်အောင် အတောင်နှစ်ဆယ်l လူတို့အရပ်က အတောင်၄၀။ မျက်တွင်းတော်က နှစ်တောင့်တစ်ထွာl ခံတွင်းကနှစ် တောင့်တစ်ထွာl နားရွက်အစောက်ကား နှစ်တောင့်တစ်ထွာ ခြေဖဝါးအလျားက ငါးတောင် ခြေမျက်စိမှ ဒူးတိုင်အောင် ဆယ်တောင်။ မွေးစကလေးက ငါးတောင်။ လူတို့၏ အလုံးအရပ်အင်္ဂါ ကြီးငယ်သည် ဘုရားတစ်ဝက်စီ ချည်းသာဖြစ်လတ္တံ့။ အဲဒီခေတ်အခါက လူတွေ၏ အတောင်ပမာဏဖြစ်တယ်။ အရိမေတ္တယျဘုရားရှင်၏ တန်ခိုး တော်ကြောင့် ယောင်္ကျားဆိုရင် နတ်သားလိုl အမျိုးသမီးဆိုရင် နတ်သမီးလို ကြည့်ကောင်းကြ၍ ရုပ်ရည်များမှာလည်း အတူတူလို ချည်းဖြစ်ကြမည်။ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှ မရှိ။ အကုန်းအကွ အနူအဝဲမရှိ။ အသက် ၅၀၀ အရွယ်ရောက်ရင် အမျိုးသမီး အမျိုးသားများ အိမ်ထောင် ပြုကြလိမ့်မယ်။ ဇနီးမောင် နှံနှစ်ဦး ရန်ခိုက်ဒေါသမရှိ။ လင်မယားခြင်း ပြသနာဖြစ်လို့ ကွဲသွားတာမျိုးမရှိ။ အမြဲအဆင်ပြေနေမယ် ။ ရာသက်ပန် ပေါင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်းl လက်စွပ်လက်ကောက် ခြေကျင်း စသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြရမှာ။ ရွှေမဝတ်နိုင်သူမရှိ။ အဝတ် ပဒေသာပင်တွေမှာ မည်သူမဆို ကြိုက်နှစ်သက်ရာ အဝတ် ယူဝတ် လို့ရတယ်။ စားစရာမျိုးစုံ ပဒေသာပင်မှာ ယူစားချင်တဲ့ အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးနှင့် ပတ်သက်ရင် ဘာရောဂါမှမရှိ။ ထမင်း အဆီရစ်တဲ့ရောဂါl ထမင်း မစားချင်တဲ့ရောဂါl အိပ်ချင်တဲ့ရောဂါ ဒီသုံးမျိုးပဲဖြစ်မည်။ အဲဒီခေတ်အခါဖြစ်ကြမည့် လူများမှာ စားဝတ်နေရေး ကျန်းမာရေး ပူပန်စရာမရှိ။ နတ်စည်းစိမ် ခံစားနေရသလို လူစည်းစိမ် အပြည့်အဝခံစားကြရမှာ။ ဘုရားရှင်တော်ရဲ့ တန်ခိုးတော်ကြောင့် တောင် ချောက်ကမ်းပါး မြေမရှိ။ မြေပြင်ညီတွေပဲရှိမယ်။ မြစ်ထဲမှာရှိတဲ့ ရေတွေဟာလည်း သန့်ရှင်းကြည်လင် ညွံတွေကင်းရှင်းပြီး အကြေညှာ မစီးပဲ ရေတွင်းရေကန်ထဲက ရေတွေလို ငြိမ်သက်ပြီးတော့ နေမယ်။ ဥတုသုံးပါးမှာ မပူမချမ်းညီမျှနေမယ်။ မိုးတွင်းအခါမှာ ရွာတဲ့မိုးကလည်း နေ့အခါလူတွေ ကျန်းမာချမ်းသာစွာ နေနိုင်ဖို့ရာအတွက် ညအခါသန်ကောင်ယံ အချိန်မှာသာလျင် ဆယ်ရက်တစ်ခါ ဆယ်ငါးရက်တစ်ခါ ပုံမှန်ရွာပေးလိမ့်မယ်။ သတ္တဝါတို့၏ ဘုန်းကံကြောင့် မစိုက်ပျိုးရပဲ သလေးစပါးပင်တွေ အလိုလို ပေါက်ကြလိမ့်မယ်။ စပါးတစ်စေ့ကို အဲဒီခေတ်က လူတွေရဲ့အထွာနဲ့ သုံးထွာရှိမယ်။ စပါးတစ်ပင်ရဲ့ အသီးကိုလှည်းအစီး ပေါင်း ၇၂၇၂ စီး တိုက်ယူရလိမ့်မယ် ။ အရိမေတ္တာယျဘုရား တန်ခိုးတော်ကြောင့် ကမ္ဘာလောကကြီးဟာ နေ့အခါ ညအခါရယ်လို့ မရှိ။ နေ့ရောညပါ လင်းထိန်ပြီးတော့ နေမယ်။ နေ့အခါ ညအခါဘယ်လိုခွဲခြား သိရမလဲဆိုရင် မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်းl ကြက်တွန်သံတွေကို ကြည့်ရှုနားထောက်ပြီး ခွဲယူရလိမ့်မယ်။ အဲဒီလိုဟောတော့ အရှင်သာရိ ပုတ္တရာကြီးက အံ့သြခြင်းများစွာနဲ့ အရှင်ဘုရား နေ့မှန်းညမှန်းမသိအောင် ဖြစ်ရတဲ့ အရိမေတ္တယျရဲ့ တန်ခိုးတော်ဟာ အဘယ်ကုသိုလ်မျိုးကြောင့် ဖြစ်ရတာတုန်းဘုရား လို့ လျှောက်တော့ အရိမေတ္တယျဘုရားဟာ အတိတ် ဘဝတစ်ခုတုန်းက ဣန္ဒပတ္တနဂိုရ်ပြည်မှာ စကြဝတေးမင်း ဖြစ်ခဲ့စဉ်အခါက အဲဒီအချိန်အခါမှာ ပွင့်တဲ့ဘုရားရှင်ရဲ့ တရားတော်ကို နာကြားရသောအခါ ဘုရားကိုကြည်ညိုl တရားကိုကြည်ညို အားကြီးပြီး တော့ ဘုရားရှင်ရဲ့တရားတော် ကို ပူဇော်သော ဓမ္မပူဇာအနေဖြင့် သူ့ရဲ့ ဦးခေါင်းကို သူကိုယ်တိုင်ဖြတ်။ ဦးခေါင်းကို ဘုရားရှင်အားတရား ပူဇော်မယ်ဆိုပြီး တော့မလှူခင်မှာ ဆုတောင်းတယ်။ အရှင်ဘုရားရဲ့ တရားတော်ကို နာကြားပြီးတော့ တရားတော်ကို ပူဇော်သောအားဖြင့် တပည့်တော်ရဲ့ ဦးခေါင်းကို အရှင်ဘုရားအား လှူဒါန်းပါတယ်ဘုရား။ ဤကုသိုလ် ကောင်းမှုကြောင့် တပည့်တော်ဘုရား ဖြစ်တဲ့အခါ ညအခါရယ်လို့မရှိ။ နေ့အခါရယ်လို့မရှိ ။ နေ့ရောညပါ လင်းထိန် နေရပါလို၏ဘုရားလို့ သာမန်လူများမလှူ နိုင်တဲ့ လှူနိုင်ခဲတဲ့ ဦးခေါင်းကိုဖြတ် အသက်ကိုလှူ၍ ဒါနပရမတ္ထပါရမီ ကုသိုလ်ထူးပြု၍ ဆုတောင်းခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်တာလို့ ဟောကြားပါတယ်။ အရိမေတ္တယျ ဘုရားရှင်ဟာ ဘုရားဖြစ်တဲ့အချိန်ကစပြီး ကုဋေခုနှစ်ရာ သောပရိသတ်တို့ကို ချေချွတ် တော်မူပြီးလျင် အနှစ်ရှစ်သောင်း ပြည့်တဲ့အချိန် ပရိနိဗ္ဗာန်စံလိမ့်မယ် ။ ထားခဲ့တဲ့ သာသနာတော်က အနှစ်သုံးသိန်း ခြောက်သောင်း။အရိမေတ္တယျဘုရား ထားခဲ့တဲ့သာသနာ သုံးသိန်း ခြောက်သောင်း ပြည့်တဲ့အခါ ဤဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျင် သာသနာ ပျက်ပြီးတော့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားမပွင့်တော့ချေ။ ဘုရားလောင်း(၁၀)ဦး ၁။ အဇိတရဟန်း အရိမေတ္တယျဘုရား ၂။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်း ကျော်လွန်တဲ့အခါ မဏ္ဋကမ္ဘာ ဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။ ၃။ ပသေနဒိကောသမင်း က ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ ၄။ အဲဒီမဏ္ဋကမ္ဘာမှာ ဘုရားနှစ်ဆူ ပွှင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်၍ လာလိမ့်မယ်။ အဲဒီသာရကမ္ဘာမှာ အဘိဘူဘုရား တစ်ဆူသာ ပွင့်လိမ့်မယ်။ သာရကမ္ဘာ ပျက်စီးပြီးသွားရင် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားမပွင့်ပဲနေပြီးတော့ ကမ္ဘာတစ်သိန်း ကျော်လွန်တဲ့အခါ ဖြစ်ပေါ် လာမည့် ကမ္ဘာများမှာ ၅။ ဒိဃသောနိအသူရိန်နတ်သား ၆။ စန္ဒနီပုဏ္ဏား ၇။ သုဘလုလင် ၈။တောဒေယျပုဏ္ဏား ၉။ နာဠာဂီရိဆင်မင်း ၁၀။ ပလလေယဆင်မင်း တို့ အစဉ်အတိုင်း ဘုရားဖြစ်ကြလိမ့်မည်။့ မြတ်စွာဘုရား အလှူခံရထားတဲ့ သင်္ကန်းတစ်စုံကို မြတ်စွာဘုရား ဝတ်တော်မမူပဲ ပရိနိဗ္ဗာန်စံခါနီး သောအခါကာလမှာ ရှင်မဟာက ဿပကို မိန့်မှာတော်မူခဲ့တယ်။ ချစ်သား ကဿပ ငါဘုရားသည် ကမ္ဘာများစွာ နိဗ္ဗာန်အလို့ငှာ ဆင်းရဲဒုက္ခကိုခံခဲ့၏။ ယခုလိုအင်ဆန္ဒ အပြီးအဆုံးသို့ ရောက်ချေပြီ။ ပရိနိဗ္ဗာန် စံတော်မူတော့အံ့။ ပိဋကတော်ကို သင့်အား ငါလွှဲအပ်တော်မူခဲ့၏။ မပျောက်မပျက် မယုတ်မလျော့ ရအောင် စောင့်ရှောက်လော။ မိထွေးတော် ဂေါတမီ ကပ်လှူသော သင်္ကန်းကိုလည်း မေတ္တယျဘုရား ပွင့်တော်မူသော အခါ ကပ်တော်မူရအောင် ငါလွှဲအပ်ခဲ့ ဟုမိန့်မှာတော်မူခဲ့တဲ့ အခါမှာ ရှင်မဟာကဿပသည် ထိုသင်္ကန်းတော်ကို ကုက္ကုဋပါဒတောင်ထိပ်ရှိ တောင်ထွဋ်သုံးခုတို့၏ အတွင်း၌ အဓိဋ္ဌာန်ဖြင့်စံနေတော်မူ၏။ မေတ္တယျဘုရားရှင် ပွင့်တော်မူသောအခါ တရားဓမ္မ ဟောပြရာ မာနခက်ထန် သည်တို့ မနာခံသည်ကို တွေ့ရ၍ ထိုမာန ခက်ထန်သူတို့ကို ကုက္ကုဋပါဒတောင်သို့ ခေါ်ဆောင်လာပြီးလျင် ရှင်မဟာကဿပကိုပြတော်မူ၍ ရှင်မဟာကဿပကို မြင်သောအခါ သင်္ကန်းတော်ကို မေတ္တယျဘုရား သခင်အား ဆပ်ကပ်ပြီးလျင် ရိုသေစွာရှိခိုး၍ ကောင်ကင်သို့ ပျံတက်လျက် ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူကာ ပရိနိဗ္ဗာန် ဝင်စံတော်မူမည်တဲ့။ (S.Beal-Buddhist Records of Western World Vol.11.pp.43-4) ယခုရေးသားခဲ့သော အရိမေတ္တယျဘုရားရှင်၏ အကြောင်းအရာ များသည် အမြည်းသဘော အမြွက်မျှ ရေးသားခြင်းသာ ဖြစ်ပါသည်။ ဤစာများထက် ကောင်းမွန့် ပြည့်စုံသော အရိမေတ္တယျဗုဒ္ဓဝင် စာစုများအဖြစ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်l ပိဋကတ်ဆိုင်ရာ ပါဋ္ဌိစာပေဌာန တွဲဖက်ဌာနမှူး (ပါမောက္ခ) ဦးကျော်လှိုင် (မဟာဝိဇ္ဇာ သက္ကတ) မှ အနာဂတဝင်နှင့် ဆက်စပ်သော ကျမ်းပေါင်းများစွာ ပေမူများမှ ကျမ်းစာမူတစ်ခု ဖြစ်အောင် တကူးတက ကြိုးကြိုးစားစား အချိန်များ ဖြင့်ရင်းပြီး ထူးခြားပြောင်မြောက် စံချိန်တင်လောက်အောင် ပြည့်စုံစွာ ရေးသားထားပါသည်။ သိရှိလေ့လာလိုသော ပုဂ္ဂိုလ်များ လေ့လာဖက်ရှုကြပါ။ ဤကဲ့သို့ အရိမေတ္တယျဘုရား အကြောင်းကို သူငယ်ချင်းတို့နှင့် လူအများတို့အား သိစေအပ်သော စေတနာကြောင့် ကျွန်တော်သည် ယခုဘဝမှ လွန်သော်နတ်ပြည် ဗြဟ္မာပြည်၌ သာဖြစ်ရ၍ အရိမေတ္တယျဘုရားပွင့်ချိန်၌ လူ အဖြစ်ကိုရရှိပြီး အရိမေတ္တယျဘုရား၏ တရားတော်တို့ကို နာကြားပြီးနိဗ္ဗာန်သို့ ဝင်ရောက် နိုင်ပါစေသတည်း။

No comments:

Post a Comment