Tuesday, July 22, 2014

အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မြတ်ဘုရား၏ သတိပဌာန် နည်းစနစ်

ဒါကြောင့်မို့ ဒီလိုချမ်းမြေ့သာယာတဲ့ ဘ၀ အေးချမ်းသာယာတဲ့ ဘ၀မှာ နေဖို့ရာအတွက် လိုအပ်ချက်တွေက ဘာတွေလဲ? တချို့က ပစ္စည်းဥစ္စာတွေ ကြွယ်ဝချမ်းသာရင် ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေနိုင်မယ်လို့ တွက်ကောင်းတွက်မယ်။ ၀င်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ရှိထားရင်လည်း ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရမယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ အဆင်ပြေနေတဲ့ လူမှုရေးဘ၀မှာ နေရလို့ရှိရင်လည်း ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရမယ် လို့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ လောက အရေးတွေ မည်မျှပင် အဆင်ပြေနေနေ စစ်မှန်တဲ့ နည်းစနစ်တစ်ခု မရှိပဲနဲ့ သောကကင်းတဲ့ ဘ၀ ၊ဒေါမနဿ ကင်းတဲ့ ဘ၀ ၊ ချမ်းမြေ့သာယာတဲ့ ဘ၀မှာ နေရဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါလိမ့်မယ်။ ချမ်းမြေ့တဲ့ ဘ၀မှာ နေနိုင်မှာ မဟုတ်ပါဘူး။ ချမ်းမြေ့သာယာတဲ့ ဘ၀ကို နေချင်ရင် အခုမြတ်စွာဘုရားဟောတဲ့ သတိမကွာ အသိပညာဖြင့် နေခြင်း ဆိုတဲ့ ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။ ဒီလိုဆိုရင်တော့ ချမ်းမြေ့ပျော်ရွှင်ဖွယ် ကောင်းတဲ့ ဘ၀မှာ နေနိုင်မှာဖြစ်တယ်။ ဘယ်လို အခက်အခဲ ဘယ်လိုပြဿနာနဲ့ပဲ ကြုံကြုံ စိတ်ဓါတ်ကြံ့ခိုင်မှုဟာ အင်မတန်မှ အရေးပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှု မရှိရင် ခုနပြောတဲ့ မိမိမလိုလားအပ်တဲ့ အခြေအနေ တစ်ခုခုနဲ့ ရင်ဆိုင်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လူ့ရဲ့စိတ်နှလုံးဟာ တုန်လှုပ်ချောက်ခြားပြီး ငြိမ်းချမ်းသာယာမှုတွေ အားလုံးဟာ ဆုံးရှုံးသွားနိုင်တယ်။ ဒီလိုဆုံးရှုံးမသွားရအောင် မြတ်စွာဘုရားက နေနည်း ထိုင်နည်းကို ယခုလို ဟောတော်မူထားတာ။ သတော ဘိက္ခဝေ ဘိက္ခု ၀ိရဟေယျ သမ္ပဇာနော ၊ သတိမကွာ အသိပညာဖြင့်နေပါ၊ အယံ ဝေါ အမှာကံ အနုသာသနီ။ ဒါဟာ ငါဘုရားရဲ့ ဆုံးမသွန်သင်ချက်ပဲ ဖြစ်တယ်။ ယခုလို မြတ်စွာဘုရား ဟောတဲ့နေရာမှာ သတိမကွာဆိုတာ ဘယ်မှာ သတိမကွာရမှာလဲ? အသိပညာဆိုတာ ဘယ်လိုအသိပညာ မျိုးလဲ? ဆိုတာ define လုပ်ဖို့ လိုအပ်တယ်ပေါ့။ နို့မို့ဆိုရင် လူတိုင်းလူတိုင်းဟာ ထင်ကြမယ်၊ အိမ်မှာပဲ အလုပ် လုပ်တာဖြစ်စေ၊ ရုံးမှာပဲ အလုပ် လုပ်တာဖြစ်စေ၊ တက္ကသိုလ်မှာပဲ အလုပ် လုပ်တာဖြစ်စေ၊ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုပေါ်မှာ လို့ သတိရှိနေတယ်၊ ဒါကိုပဲ သတိမကွာလို့ ဆိုလိုတာလား။ အသိပညာ ဆိုတာ တို့တတ်ထားတဲ့ အသိပညာနဲ့ နေတယ်၊ ဒါ အသိပညာနဲ့ နေတယ်လို့ ဆိုလိုတာလား၊ လို့ ထင်မြင် ယူဆ မိကြလိမ့်မယ်။ သတိဟူသည် အဲဒီတော့ ဘ၀မှာ ခုနပြောတဲ့ နှလုံးသားထဲက ပူလောင်မှုတွေ ကင်းပြီး အေးငြိမ်းတဲ့ ဘ၀ကို နေချင်ရင် သတိတရားနဲ့ နေရမယ်။ သတိဆိုတာ မြန်မာလူမျိုးတွေအဖို့မှာ အင်မတန်မှ ရင်းနှီးတဲ့ စကားလုံးတစ်လုံး ဖြစ်တယ်။ သို့သော် သတိဆိုတဲ့ စကားလုံးဟာ မြန်မာစကားလုံး မဟုတ်ဘူး။ ပါဋ္ဌိ စကားလုံးဖြစ်တယ်။ သတိဆိုတာ အာရုံတစ်ခုကို ရယူပေးနေတဲ့ သဘောလေးကို ပြောတာ။ အင်္ဂလိပ်လိုပြန်တဲ့အခါ သတိကို mindfulness လို့ ပြန်လေ့ရှိတယ်။ အဲဒီ mindfulness လို့ ပြန်တာကတော့ ပစ္စုပ္ပန်အာရုံပေါ်မှာ mindful ဖြစ်နေတာကို အဓိကထားပြီး ပြောတဲ့သဘောပဲ။ အာရုံတစ်ခုက ပစ္စုပ္ပန်မဟုတ်ဘူး ၊လွန်မြောက်ခဲ့ပြီ- ဥပမာ လွန်ခဲ့တဲ့နှစ်က၊ ဟိုး လွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်က အကြောင်းအရာတွေ ကြတော့ ဒီသတိကို memory လို့ ပြန်ရမှာပဲ။ ဒီတော့ သတိဆိုတာ အဓိပါယ် နှစ်မျိုးရှိတယ်။ မှတ်မိတာရယ်၊စိတ်အားစိုက်တာရယ် ဒီနှစ်ခု။ အမှတ်ရတာ၊ မှတ်မိတာလည်း သတိပဲ။ မှတ်မိတာက ဘယ်အရာတွေနဲ့ တွဲဖက်လာတုန်းဆိုရင် အမှတ်သညာနဲ့ တွဲဖက်လာတယ်။ အမှတ်သညာဆိုတာ အာရုံနဲ့ တွေ့တယ့်အချိန်မှာ စိတ်ကမှတ်သားလိုက်တာ noting system ပေါ့။ စိတ်ကမှတ်သား လိုက်တဲ့အတိုင်း နောက်တစ်ခါ ဒါမျိုးတွေ့ရင် ဒါပဲဆိုတာကို သိတာ၊ ဒါက သညာရဲ့ အလုပ်ပဲ။ သတိကျတော့ အဲဒီ အာရုံကို ယူပေးတာ၊ ဒါကြောင့် အာရုံကိုရယူပေးတာက သတိ၊ မှတ်မိတာက သညာ လို့ ဒီလို နှစ်ခု ပြောလို့ရတာပေါ့။ ပစ္စုပ္ပန်တည့်တည့် မျက်စိက မြင်ရတဲ့ အာရုံ၊ ပစ္စုပ္ပန်တည့်တည့် နားက ကြားရတဲ့ အာရုံ စတဲ့ အဲဒီအာရုံတွေ သိတာကျတော့ mindfulness လို့ခေါ်တယ်။ စိတ်အားကုန် စိုက်ထားတယ်၊စိတ်အားကုန် ပို့လွှတ်ထားတယ်၊ အဲဒီ mindfulness လို့ဆိုတဲ့ သတိဟာ အင်မတန်မှ အရေးကြီးတဲ့သတိပဲ။ ဒါကြောင့်သတိနဲ့ ပက်သက်လာလို့ ရှိရင် အတိတ်က အာရုံတစ်ခုကို မှတ်မိတာရယ်၊ ပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေဆဲ အာရုံကို ရယူပေးတာရယ် ဆိုပြီး အဲဒီလို သတိရဲ့ ဆောင်ရွက်မှု နှစ်ခုရှိတယ်။ သတိမကွာနေခြင်း အဲဒီအထဲမယ် မြတ်စွာဘုရား ဆိုလိုတဲ့ သတိမကွာ ဆိုတဲ့ သတိကတော့ ပစ္စုပ္ပန်တည့်တည့် ကိုယ်ဘာလုပ်နေတယ် ဆိုတဲ့ အပေါ်မှာ ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့ သတိကိုပြောတာ။ ဘာပဲလုပ်နေ လုပ်နေ လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ပြောတာ။ ဒီပစ္စုပ္ပန်ကျတဲ့ သတိကမှ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တယ်။့ သတိရှိဖို့ ဆိုတဲ့နေရာမှာ ဘယ်နေရာ သတိရှိရမလဲ? ခုနက စိတ်ငြိမ်းချမ်းမှုကို ရယူချင်တဲ့ ပုဂိုလ်တွေဟာ ဘယ်လိုလေ့ကျင့်ရမလဲ? ဆိုတာကို မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာဘုရားက အာရုံလေးမျိုး ပေးထားတာရှိတယ်။ နံပါတ်တစ်က ကာယ body ပေါ့။ မိမိရဲ့ ကာယပေါ်မှာ mindful လုပ်တာပေါ့။ နောက်တစ်ခုက လူတွေမှာ ခံစားမှု ဆိုတာရှိတယ်။ ခံစားမှုဆိုတာ ကောင်းတဲ့အာရုံနဲ့ တွေ့လို့ရှိရင် ၀မ်းသာတယ်ဆိုတဲ့ ခံစားမှု ၊ မကောင်းတဲ့ အာရုံနဲ့တွေ လို့ရှိရင် စိတ်ပျက် ၀မ်းနည်းတယ်ဆိုတဲ့ ခံစားမှု ၊ကောင်း မကောင်း အလယ် အလတ်ရှိတဲ့ မထင်ရှားတဲ့ ခံစားမှုလို့ ဆိုပြီး အကျဉ်းချုပ်အားဖြင့် လူတွေရဲ့ စိတ်ခံစားမှုက ၃-မျိုးရှိတယ်။ ဒီခံစားမှု ဆိုတာလည်း လူတွေအဖို့မှာ အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပဲ။ အဲဒီခံစားမှု အပေါ်မှာလည်းပဲ mindful ဖြစ်ဖို့ မြတ်စွာဘုရား ဟောထားတယ်။ နောက်တစ်ခုကတော့ လူတွေရဲ့ သဏ္ဍာန်မှာဖြစ်ပေါ်နေတဲ့ စိတ်အခြေအနေပေါ်မှာလည်းပဲ mindful ဖြစ်ဖို့ ၊ သာမာန်အားဖြင့် ကိုယ်စိတ်ကို ကိုယ်သိတယ်လို့ ထင်ကောင်းထင်မယ်။ သို့သော် ကိုယ်စိတ်ကို ကိုယ်ပြန်မသိတာ ပိုများပါတယ်။ သိရမှာက ဘာလဲဆိုရင် လိုချင်တပ်မက်မှုဆိုတဲ့ လောဘတွေ ငါ့စိတ်ထဲမှာဖြစ်ပေါ်လာသလား ၊ မုန်းတီးတဲ့ ဒေါသတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား၊ အမှန်မသိတဲ့ တွေဝေမှု မောဟတွေ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်လာသလား၊ လို့ ကိုယ့်စိတ်ကလေးရဲ့ အနေအထားတစ်ခုကို လေ့လာအကဲခပ် နေရမယ်လို့ ဆိုလိုတာလည်းသတိထားစရာ တစ်ခုပါပဲ။ နောက်တစ်ခုကတော့ မြတ်စွာဘုရားက general point အနေနဲ့ ဓမ္မာနုပသနာဆိုတာကို ပေးလိုက်တာ။ ဓမ္မဆိုတာ အားလုံးကို ရည်ညွှန်းပြီး ပေးလိုက်တဲ့ အမည်နာမတစ်ခုပဲ။ ဥပမာပြောပြရမယ် ဆိုရင် လူတွေရဲ့စိတ်မှာ ဖြစ်ပေါ်လာတတ်တဲ့ နီဝရဏတရား ၅-ပါးဆိုတာရှိတယ်။ (၁) ကာမစ္ဆန္ဒနီဝရဏ - နှစ်သက်စရာ အာရုံပေါ်မှာ နှစ်သက်တွယ်တာနေတဲ့ စိတ်ဆန္ဒ။ desire for sense pleasure ၊ အာရုံတွေအပေါ်မှာ ခံစားလိုတဲ့ စိတ်ဆန္ဒ၊ အဲဒီအာရုံပေါ်မှာ ခံစားလိုတဲ့ စိတ်ဆန္ဒဟာ ကိုယ့်သဏ္ဍာန်မှာ ရှိသလား၊ မရှိဘူးလား။ ဖြစ်သလား မဖြစ်ဘူးလား။ သတိထား ရမယ်လို့ပြောတာ။ နံပါတ် (၂)က စိတ်ထဲမှာ အလိုမကျ ဖြစ်တတ်တာတွေရှိတယ်။ ဗျာပါဒနီဝရဏ- မုန်းတီးမှု အလိုမကျမှု အဲဒါတွေရော ကိုယ့်စိတ်ထဲမှာဖြစ်သလား မဖြစ်ဘူးလား ဆင်ခြင်စဉ်းစားတာ။ နောက်နံပါတ် (၃) က ကောင်းတာလုပ်တဲ့အခါ ပညာရေးကိစ္စပဲ ဖြစ်ဖြစ် ဘာသာရပ်တစ်ခုခု လေ့လာနေတာပဲ ဖြစ်ဖြစ် စိတ်အားတွေ လျော့ကျသွားစေတဲ့ ထိန မိဒ္ဓနီဝရန ၊ အဲဒီမှာ ထိန ဆိုတာ ဆောင်ရွက်ချင်တဲ့ စိတ် လျော့ကျသွားတာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် Tiredness of mind-စိတ်ရဲ့ နွမ်းနယ်မှု ဖြစ်သွားတဲ့ သဘော ၊ မိဒ္ဓ ဆိုတာကတော့ tiredness of body ၊ သို့မဟုတ် စေတသိတ် တရားတွေ ထိုင်းမှိုင်းသွားမှု။ ထိနနဲ့ မိဒ္ဓ ယှဉ်တွဲလာပေမယ့်လို့ ထိနဆိုတဲ့ သဘောတရားက ဆက်ပြီးတာ့ မလုပ်ချင်ဘူး။ မိဒ္ဓ က ထိုတွန့်ဆုတ်မှု လွန်ကဲ လာလို့ရှိရင် ခန္ဓာကိုယ်ကိုပါ ငိုက်မျဉ်းလာစေတယ်။ ဒီသဘောကို ဆိုလိုတာပေါ့နော်။ စာပေကျမ်းဂန်တွေမှာတော့ ဒီထိနနဲ့မိဒ္ဓ ဟာ စိတ်နဲ့ စေတသိတ် နှစ်ခုအနက် စိတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သဘောကို ထိန ၊ စေတသိတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သဘောကို မိဒ္ဓလို့ ဒီလိုဟောတယ်။ သို့သော် တခါတရံ မိဒ္ဓဟာ ရုပ်ခန္ဓာကိုယ်နဲ့လည်းပက်သက်တာဖြစ်တာ ရှိတယ်။ ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် လူတွေဟာ ငိုက်မျဉ်းလာတတ်တယ်။ အဲဒီ စိတ်ဝင်စားမှု လျော့ကျလာတဲ့ သဘောတရားဟာလည်း အောင်မြင်မှုအတွက် အနှောက်အယှတ်တစ်ခု အနေနဲ့ တို့ စိတ်ထဲမှာ ရှိနေသလား၊ စိတ်အားတက်ကြွမှုတွေ ကုန်ဆုံးနေသလား ဆိုတာကိုလည်း သိရှိဖို့ လိုအပ်တယ်။ နောက်တစ်ခုက (၄) ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ စိတ်ကလေးဟာ ငြိမ်အောင်ထားလို့ မရဘူး၊ ပျံ့လွင့်နေတယ်၊ ဒါက ဥဒ္ဓစ္စ။ အဲဒါကိစ္စ တစ်ခု လုပ်မိတာတို့ မလုပ်မိတာတို့ အပေါ်မှာ နောင်တ ရနေတယ် ၊ စိတ်ထဲမှာ ပူပင်နေတယ်၊ ဒါက ကုက္ကုစ္စ အဲဒါမျိုးကော ရှိသလား မရှိဘူးလား။ အလုပ်တစ်ခု လုပ်လို့ မအောင်မြင်တဲ့ အပေါ်မှာရော စိတ်ဟာမကျေမနပ် ဖြစ်နေသလား ။ မဖြစ်ဘူးလား။ ဒီသဘောဟာလည်း ကုက္ကုစ္စပဲ။ အဲဒီလိုဖြစ်နေလို့ ရှိရင် ဒါဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရစ ဖြစ်တယ်လို့ ပြောတာနော်။ နောက်တစ်ခုက နံပါတ်(၅) ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုအပေါ်မှာ ဟုတ်သလား မဟုတ်ဘူးလား ဆိုတဲ့ ဇဝေဇ၀ါ ဖြစ်မှု သံသယဖြစ်မှုက ၀ိစိကိစ္ဆာ၊ ဒီဝိစိကိစ္ဆာ ဟာလည်း အနှောက်အယှတ်တစ်ခု ၀ိစိကိစ္ဆာ နီဝရဏ။ ဒါကြောင့်မို့ ဒီဓမ္မာနုပသာနာကျတော့ စိတ်ရဲ့သဘောထားတွေကို ဆင်ခြင်သုံးသပ်ဖို့ သိဖို့ သတိထားမိတတ်ဖို့ မြတ်စွာဘုရားက ဟောထားတယ်ပေါ့။ အဲဒီ နီဝရဏ mental hinderances တွေဟာ ကုသိုလ်စိတ်ရဲ့ အဟန့် အတားတွေပေါ့။ ကုသိုလ်စိတ် ဖြစ်ဖို့ရာ အတွက် အဟန့်အတား စိတ်ကောင်း နှလုံးကောင်းတွေ ၀င်လာဖို့ရာ အတွက် အဟန့် အတားတွေမို့ စိတ်ရဲ့ အညစ် အကြေး တွေလို့သတ်မှတ်တယ်။ ဒီသဘာဝတရားတွေ မိမိရဲ့သဏ္ဍာန်မှာ လွှမ်းမိုးလာလို့ရှိရင် ဘာတွေဖြစ်လာနိုင်သလဲ ? စဉ်းစားညဏ်တွေ အားပျော့သွားနိုင်တယ်။ ဒါကြောင့်မို့ ဒီတရားတွေ မိမိသဏ္ဍာန်မှာ ရှိမရှိ အမြဲတမ်း mindful လုပ်ဖို့လိုတယ် ဆိုလိုတာ။ မြတ်စွာဘုရားက သတိမကွာ နေရမယ် ဆိုတာ ဘယ်မှာ သတိမကွာ နေရမှာလဲ ဆိုတော့ ကိုယ့်ခန္ဓာကိုယ်မှာ။ ဥပမာမယ် - ဘုန်းကြီးတို့တတွေဟာ ကိုယ်ကတော့ ထိုင်နေတယ် စိတ်က တနေရာ ရောက်နေတယ်။ ကိုယ်ကတော့ လှဲလျောင်းနေတယ်။ စိတ်ကတနေရာ ရောက်နေတယ်။ စိတ်နဲ့ ကိုယ်ဟာ အမြဲတမ်း ကွာနေသလို ဖြစ်နေတယ်။ အံကျ မဖြစ်ဘူး။ အံမကျဖြစ်တဲ့ အတွက်ကြောင့် mindfulnessဖြစ်နေတာ လို့ ပြောလို့ မရဘူး။ Mindfulness ဆိုတာ ထိုင်နေရင် ထိုင်နေတယ်လို့ သတိရှိတာ။ အိပ်နေရင် အိပ်နေတယ် လို့ သတိရှိနေတာ။ အဲဒီသတိရှိနေဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ပြီး ပေးရမယ်တဲ့။ ဒါကအစ ပထမ သတိကောင်းအောင် လေ့ကျင့်တဲ့ နည်းစနစ်တွေပဲ။ အဲဒီလို လေ့ကျင့်တဲ့အခါ ဘာတွေလိုအပ်တုန်း ဆိုရင် ကြိုးပမ်း အားထုတ်မှုဆိုတာ အထောက်အကူ ပစ္စည်း တစ်ခုအနေနဲ့ လိုတယ်။ အထောက်အကူပြုတဲ့ သဘာဝတရား တစ်ခုအနေနဲ့ ကိုယ့်သဏ္ဍာန်မှာ ရှိထားရမယ်။ မရှိဘူးလို့ ဆိုရင် mindfulness ဆိုတာ ဖြစ်မလာနိုင်ဘူးပေါ့။ မိမိစိတ်ကို အားတင်းပြီး ငါ့ရဲ့ ခန္ဓာကိုယ် အမူအရာတိုင်း ငါဟာ စဉ်ဆက်မပြတ် သိနေအောင် ကြိုးစားမယ် လို့ အားစိုက်ဖို့လိုတယ်။ ဒီလိုကြိုးစားတာကို သမ္မာဝါယမလို့ ခေါ်တာပဲ။ ဒီလို ကြိုပမ်းး အားထုတ်မှု မျိုးကို မဟာသတိပဋ္ဌာန်သုတ်မှာ အာတာပီလို့ သုံးတယ်။ ဒီလိုကြိုးပမ်း အားထုတ်မှုဟာ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြစ်နိုင် လောက်အောင် စွမ်းဆောင်နိုင်တာ ဖြစ်လို့ ဒါကို အာတာပ လို့ ခေါ်တယ် ။ ပြင်းထန်တဲ့ လုံလ ၀ီရိယ ကြိုးပမ်းအာထုတ်မှု ရှိရမယ်။ ကြိုးပမ်းအားထုတ်တယ် ဆိုတဲ့နေရာမှာ ဘာလိုသေးတုန်း ဆိုလို့ရှိရင် သမ္မဇည ဆိုတာလည်း လိုသေးတယ်တဲ့။ အမှန်အကန် သိဖို့ လိုတယ်ပေါ့။ ဒါကြောင့် သတိမကွာ နေရမယ် ဆိုတဲ့ အချိန်မှာ သတိတစ်ခုတည်းတော့ မဟုတ်ဘူး။ သတိကို ခေါင်းတပ်ပြီးတော့ ပြောတာ။ သတိရဲ့ အထောက်အကူတွေက ဘာတွေတုန်းဆိုရင် ၀ီရိယ က အထောက်အကူ ပြုတယ်။ သမာဓိက အထောက်အကူ ပြုတယ်။ သင်္ကပ ဆိုတဲ့ အတွေးတွေက အထောက်အကူ ပေးတယ်။ ဒီလို သတိကို အထောက်အပံ့ ပြုပေးတဲ့ သဘာဝတရားတွေနဲ့ ယှဉ်တွဲပြီး လုပ်ရတယ်။ ဒါ သတိကို အခြေခံပြီး ဘုန်းကြီးတို့ တစ်တွေဟာ နေ့စဉ်ဘ၀မှာ လေ့ကျင့်ပေးခြင်း ဖြစ်တယ်။ အဲဒီလိုလေ့ကျင့် ပေးလို့ ရှိရင် ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ့်ရဲ့ သတိဟာ အမြဲတမ်း အံဝင်ဂွင်ကျ ဖြစ်လာလိမ့်မယ်။ မြတ်စွာဘုရားက သတိထားဖို့ဆိုတာ အကုန်လုံးပဲ။ ဒီသတိပဋ္ဌာန်သုတ်မှာ ဟောထားတဲ့ ဒီအာရုံတွေကို ရယူပေးတာ သတိပဲ။

No comments:

Post a Comment