
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာရေး ကိစ္စအနေနဲ့ တရားဟောခြင်း တရားနာခြင်းကို အဓိကထားပြီး ဆောင်ရွက်ကြတယ်။ လောကမှာ ဘာသာတရားတွေ မြောက်များစွာရှိတဲ့ အထဲမယ် ဗုဒ္ဓဘာသာက “ဘာသာတရား” ဆိုတဲ့အမည်အောက်မှာ ပါဝင်နေသော်လည်း ထာဝရ ဘုရားထံမှာ ဆုတောင်းခြင်း ဆုယူခြင်း ဆိုတာတွေနဲ့ ပက်သက်မှု လုံးဝမရှိဘူး။ မိမိတို့သန္တာန်မှာရှိတဲ့ စိတ်ဓါတ်ဆိုင်ရာ အရည်အချင်းတွေကို စနစ်တကျ ကျင့်သုံးခြင်း မြှင့်တင်ပေးခြင်းဖြင့် အသိညဏ်ရရှိအောင်ကြိုးစားတယ်။ ဘ၀ဒုက္ခ ဘ၀ဆင်းရဲခြင်းမှ လွတ်မြောက်အောင် လိုက်နာ ကျင့်သုံးကြတာ ဖြစ်လို့ တခြားဘာသာတွေနဲ့ များစွာကွာခြားတယ် ဆိုတာ သတိထားဖို့ လိုတယ်။
တခြားဘာသာ တရားတွေမှာ ဆုတောင်းခြင်း ဆုယူတာ အဓိကဖြစ်တယ်။ မိမိတို့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့် မရှိပဲနဲ့ မိမိတို့ ဘ၀ကို ပိုင်ဆိုင်ပြီးတော့ အဆုံးအဖြတ်ပေးနေတဲ့ တန်ခိုးရှင်ကြီး တစ်ဦးရှိနေတယ် ဆိုတာ ယုံကြည်ကြတယ်။ ထိုတန်ခိုးရှင်ကြီး ပြောသမျှ ဆိုသမျှ ဆုံးမ သြ၀ါဒပေးသမျှကို လိုက်နာကျင့်သုံးပြီး မိမိတို့ဘ၀ကို အပ်နှံထားရတဲ့ အနေအထားမျိုးပေါ့။
ဗုဒ္ဓဘာသာမှာတော့ အဲဒီလို မဟုတ်ဘူး။ ဘုရားကို ကိုးကွယ်တဲ့ နေရာမှာ အမှန်တရားကို ထုတ်ဖေါ်ဟောကြားတဲ့ အနေနဲ့ ကိုးကွယ်တာ၊ ဘုရားဟောတဲ့ မှန်ကန်တဲ့ လမ်းစဉ် တစ်ရပ်ကို သင်ယူပြီး မိမိကိုယ်တိုင် ကိုယ့်ကိုယ့်ကိုကောင်းအောင် ပြုပြင်ပြီး ကျင့်သုံးလိုက်နာတဲ့ နည်းစနစ်ဖြစ်တယ်။ ဒီတော့ နည်းစနစ်ခြင်းမတူဘူးနော် ။
ဒါကြောင့်မို့ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ခေါင်းစဉ်ထားပြီး ရေးသားမှာ ဖြစ်တယ်။
မြတ်စွာဘုရားက ရဟန်းတို့ သတိမကွာ အသိပညာရှိလျက် နေထိုင်ကြရမယ် ။ လို့ဟောတယ်။ မြတ်စွာဘုရားက ဘ၀မှာ ဘယ်လိုနေထိုင်ရမယ် ဆိုတာ ညွှန်ပြတယ်။ နေနည်းထိုင်နည်း ကိုသင်ကြားပေးတယ်။ ကျွန်တော်တို့တစ်တွေက သင်ယူပြီး အဲဒီနည်းစနစ်အတိုင်း ကျင့်သုံးနေထိုင်ဖို့ပဲ။ အဲဒီနည်းစနစ် အတိုင်း ကျင့်သုံးနေထိုင်ရင် အသိညဏ်တွေ ရလာနိုင်တယ်။ ထိုထူးခြားတဲ့ အသိညဏ်တွေရမှ မိမိရဲ့ ဘ၀မှာ ကြုံတွေ့ကြရတဲ့ စိုးရိမ်မှုတွေ ဒေါမနသဆိုတဲ့ ကြေကွဲဝမ်းနည်းမှုတွေ စတဲ့ ဘ၀ရဲ့ ဒုက္ခတွေကို ကျော်လွားနိုင်မှာ ဖြစ်တယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ လိုက်ကြည့်မယ်ဆိုရင် လောက လူသားတွေဟာ နေ့စဉ်နဲ့အမျှ ရုန်းကန်နေကြရတယ်ဆိုတာ အင်မတန် ထင်ရှားတယ်။ စီးပွားရေးနဲ့ ရုန်းကန်နေကြတယ်။ လူမှုရေးနဲ့ ရုန်းကန်နေကြရတယ်။ ပညာရေးနဲ့ ရုန်းကန်နေကြရတယ်။ ထိုရုန်းကန်နေတဲ့ အခါမှာ အဆင်ပြေတဲ့ အခါရှိသလို အဆင်မပြေတာလည်း ရှိတယ်။ အခြေအနေ အရအမြဲတမ်းအဆင်ပြေ နေတယ်လို့ မရှိနိုင်ဘူး။ အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး အဆင်မပြေတဲ့ အခါမှာ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။
သောက ဆိုတာ ကိုယ်မဖြစ်စေချင်တာ တစ်ခုခု ဖြစ်လာတော့မယ် ဆိုရင် ကြိုတင်ပြီး စိတ်ထဲမှာ မငြိမ်မသက် ဖြစ်ပြီး ပူတဲ့သဘော။ မဖြစ်ချင်တာတွေ ဖြစ်လာတော့မယ် ဆိုရင် စိုးရိမ်စိတ်တွေ ပေါ်လာတာ ၊ ဒါကိုသောကလို့ ခေါ်တယ်။ (သို့မဟုတ်) မဖြစ်ချင်တာတွေ ဖြစ်သွားပြီ ဆိုရင်လည်း သောက ဆိုတာ ပေါ်လာတယ်။
ဒေါမနသ ဆိုတာကတော့ စိတ်ထဲမှာ အလိုမကျ ဖြစ်တာ၊ မိမိ စိတ်တိုင်းကျ မဖြစ်ဘူး၊ အလိုမကျ ဖြစ်လာတယ် ဆိုရင် ခံစားမှု တစ်ခု ဖြစ်ပေါ်လာတယ်။၊ အဲဒီခံစားမှုကို ဒေါမနသ စိတ်ဆင်းရဲမှု လို့ပြောတာ။
အဲဒီ သောကတို့ ဒေါမနသတို့ ဆိုတာတွေက လူတွေရဲ့ စိတ်ထဲမှာ ထင်ရှားပေါ် လာတတ်ပြီး လူမျိုးမရွေး ဘာသာမရွေး ပုဂ္ဂိုလ်တိုင်းမှာလိုလို ဖြစ်တယ်၊ အဲဒီ သောက ဆိုတာ ဘာကြောင့်ဖြစ်သလဲ, ဒေါမနသဆိုတာ ဘာကြောင့်ဖြစ်သလဲ ? အကြောင်းတရားကို မရှာနိုင်ဘူး။ ထိုအကြောင်းတရားကို မဖယ်ရှားနိုင်ဘူး ဆိုရင် ဒီသောက ဟာ ဆက်ပြီးလာနေမှာပဲ, ဒေါမနသ ဆိုတာလဲ ဆက်ပြီးဖြစ်နေမှာပဲ၊ ဘယ်အရာပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ ကြောင်းတရားတွေ ကိုမှီပြီး ဖြစ်ရတာ။ ဒါကြောင့် အကြောင်းတရားတွေကို သိဖို့ရာ အင်မတန်မှ အရေးကြီးတယ်။
လောကလူသားတွေဟာ ဆိုင်ရာဆိုင်ရာ အကြောင်းတရား အစစ်အမှန်ကိုမသိတဲ့ အတွက် သောက ပြေပျောက်ရာ ပြေပျောက်ကြောင်းကို မမှန်ကန်တဲ့ နည်းမျိုးစုံ အသုံးပြုကြတယ်ပေါ့။
အဲဒီနည်းမျိုးစုံတွေထဲမှာ တချို့ကလည်း လုံးဝမေ့ပြစ်ဖို့ ကြိုးစားကြတယ်၊ ကြိုးစားတဲ့ အခါမှာ အကူအညီတွေ အသုံးပြုပြီး ကြိုးစားတယ်။ ဘာတွေ အကူအညီ ယူတုန်းဆိုတော့ မူးယစ်ဆေးဝါး အကူအညီနဲ့လည်း သောကကို ဖြေဖျောက်ကြတာပေါ့။ နောက် တခြားနည်းတွေ သုံးပြီးတော့လည်း ဖြေဖျောက်ကြတယ်။ တကယ်ကတော့ ဒါဟာ ပြေပျောက်သွားတာ မဟုတ်ဘူး။ အကြောင်းတရားက ကိုယ့် သန္တာန်မှာ ရှိနေသည့် အတွက် ခေတ္တခဏ စိတ်ထဲမှာ ပေါ့ပါးသွား သလို ဖြစ်ပေမယ့် ဒုက္ခတစ်ခု ပြသနာ တစ်ခု ထပ်တိုးလာတယ်။အဲဒါမျိုးဟာ အဖြေ မဟုတ်ဘူး။
မြတ်စွာဘုရား ဟောတဲ့ တရားကတော့ ဒီလို မဟုတ်ဘူး၊” နောက်ထပ် ပြသနာတစ်ခု ထပ်မတက်ဘဲ လက်ရှိ အနေအထားတစ်ခုကို မှန်မှန်ကန်ကန် အသိညဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး အမှန်သိပြီး stress လို့ခေါ်တဲ့ ဒီစိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့ နည်းစနစ်”ဖြစ်တယ်။
ကမ္ဘာမှာ ကြီးပွားတိုးတက်ပြီး အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေမှာ စိတ်ဖိစီးမှုတွေ ရှိတာပဲ။ အဆင်မပြေတဲ့ ပုဂ္ဂိုလ်မှာလည်း stress က ရှိတာပဲ။ ဒီဖိစီးမှုတွေက လူတွေရဲ့စိတ်ကို အမြဲတမ်း လွှမ်းမိုးနေတယ်။ ဒီကနေ့ခေတ်မှာ ပိုပြီး ထင်ရှားတယ်ပေါ့။ အားလုံးဟာ ယှဉ်ပြိုင်ပြီး ပြေးလွှား နေကြရတယ်။ ဟို တိုးတက်ပါတယ် ဆိုတဲ့ နိုင်ငံတွေမှာ ပိုပြီးတော့ stress တွေ များတယ်။
ဒီ stress တွေကို လျော့ချဖို့ နည်းစနစ်တွေထဲမှာ တခြားနည်းက ဖြစ်ကောင်း ဖြစ်နိုင်သော်လည်းပဲ ထိုလျော့ချမှုဟာ အစဉ်ထာဝရ ငြိမ်းချမ်းသွားတဲ့ အဆင့်ကို ရောက်နိုင်ဖို့ကတော့ အင်မတန်မှ ခဲယဉ်းတယ်။မြတ်စွာဘုရား ဟောကြားတော်မှုခဲ့တဲ့ နည်းစနစ်က သာလျင် အစဉ်ထာဝရ လျော့ချနိုင်တဲ့နည်းစနစ်မျိုးဆိုတာ သေချာတယ်။
ဘုန်းကြီးတို့ မနှစ်က ကိုရီးယားနိုင်ငံ အဘိဓမ္မာ သင်တန်း သွားပို့ချတဲ့အခါမှာ Dongkuk University က ပါမောက္ခတွေ ၊ တခြား University ကပါမောက္ခတွေ ကထိကတွေ လာပြီး သင်တန်း တက်ကြတယ်။ အဘိဓမ္မာဆိုတာ ဘ၀နဲ့ အနီးစပ်ဆုံးပဲ ။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ သဘာဝတရား ကို လေ့လာတဲ့ ပညာရပ် တစ်ခုပဲပေါ့။ အဲဒီမှာ သင်တန်း စီမံဆောင်ရွက်တဲ့ ထေရ၀ါဒ ကိုရီးယား ရဟန်းတော်က ဘုန်းကြီးနဲ့တွေဖို့ တစ်နေ့ ငါးဦး စီစဉ်ပေးတယ်။ မေးချင်တာလေး မေးဖို့ဆိုပြီး သင်တန်းပြီးတဲ့ အချိန်ပိုင်းလေးမှာ လာလာ တွေ့ကြတယ်။
တက္ကသိုလ်က ပါမောက္ခ ဆရာ ဆရာမ တွေက သူတို့ကိုယ်သူတို့ ပါမောက္ခပါ ကထိကပါ ဆိုပြီး မိတ်ဆက်ကြတယ်။ ဘုန်းကြီးက မေးကြည့်တယ်။”တက္ကသိုလ်မှာ ဘာပညာရပ်ကို ပို့ချသလဲ”။ ဆိုတော့ တစ်ဦးက ဖြေတယ်။သူပို့ချတဲ့ ဘာသာရပ်က MBSR တဲ့။ MBSR ဆိုတာ ဘာပြောတာလဲ မေးလိုက်တော့ Mindfulness Based Stress Reduction တဲ့။ သတိတရား ကိုအခြေခံ ထားပြီးတော့ စိတ်ဖိစီးမှုကို လျော့ချခြင်း လို့ဆိုတဲ့ ဘာသာရပ်တဲ့။ အဲဒီ ဘာသာရပ်က ဘယ်ကလာတုန်း လို့မေးတော့ အမေရိကန်က လာပြီး သူတို့ဆီမှာ ပို့ချတာတဲ့။
အဲဒီ ပညာရပ်က တကယ်တမ်း ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံက သွားတဲ့ သတိပဋ္ဌာန် နည်းစနစ် တစ်ခုပဲ။ အဲဒီ သတိပဋ္ဌာန်နည်း ကိုအသုံးပြုပြီး mind fulness ဆိုတဲ့ သတိကို အခြေခံထားပြီး စိတ်ဖိစီးမှုကို လျော့ချတယ်၊ ဒီနည်းစနစ်ကို သူတို့က ပညာရပ်တစ်ခု အနေနဲ့ တက္ကသိုလ်မှာ သင်နေကြတယ်။ ဘုရားဟောတဲ့ တရားကိုပဲ လိုအပ်ချက်တွေနဲ့ အညီ သင်ကြားနေကြတာ၊ သင်ကြားနေပုံ အသေးစိတ်ကိုတော့ မမေးခဲ့ဘူး။
အဲဒီတော့ မြန်မာနိုင်ငံမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားဓမ္မတွေ ထွန်းကားနေလို့ ထိုထိုကမ္မဋ္ဌာန်း ရိပ်သာတွေမှာ ဒီနည်းစနစ်တွေကို ဟောပြောပြီး လက်တွေ့လည်း ကျင့်သုံးနေကြတယ်ပေါ့။ ကမ္ဘာမှာလည်း ဒီကနေ့ခေတ်မှာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ meditation ဆိုတဲ့ နည်းစနစ်ကို ကျန်းမာရေး အတွက် စိတ်ဖိစီးမှု လျော့ချရေးအတွက် အသုံးပြုနေကြတာကို သိရတယ်။ အဲဒီတော့ မြတ်စွာဘုရား ကိုယ်တိုင် ဒီမှာ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ဆိုတဲ့ နည်းစနစ်ကို ဟောကြားတော်မူခဲ့တယ်။
သို့သော် ဒီနေရာမှာ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း ဆိုတာကို အဆင့်ဆင့် ပြောလို့ရတယ်။ သာမန်လူမှုကိစ္စ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေလည်း သူ့လုပ်ငန်းပေါ်မှာ သူ အမြဲတမ်း သတိရှိတယ် အသိပညာဖြင့် နေတယ်၊ လို့ပြောတာပဲ။ အဲဒါမျိုးကို ဆိုလိုတာလား။
လူတွေက သတိ အသိ ဆိုပြီး ပြောနေကြတယ်လေ။ သတိရှိတယ် အသိရှိတယ်၊ အဲဒီအားလုံးဟာ မြတ်စွာဘုရား ရဲ့ သွန်သင်ချက်နဲ့ ကိုက်ညီသလား။ အခြေခံအားဖြင့် အဲဒါကို ဆိုလို တာလား။ ဒီစကားလုံးနဲ့ ပက်သက်လာရင် သာမာန်အားဖြင့် ကြည့်မယ်ဆိုရင် အသွင်သဏ္ဍန်က တူနေသော်လည်း အနှစ်သာရ ပိုင်းမှာအလွန် ကွာခြားနိုင်တယ်။
မြတ်စွာဘုရား ဆိုလိုတဲ့ သတိမကွာ အသိပညာဖြင့်နေခြင်း ဆိုတာ ဘယ်ပုံနေတာလဲ? ဘုရားကိုယ်တိုင်က သုတ္တန်မှာ ရှင်းပြထားတယ်၊ ဒီတော့ သာမာန် သတိမကွာ အသိပညာနဲ့ နေတာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ တကယ့်ကို ရင်တွင်းမှာ ဖြစ်ပေါ်နေတဲ့ သောကတို့ ဒေါမနသတို့ ဆိုတဲ့ စိတ်နှလုံးရဲ့ ပူလောင်မှုတွေကို လွန်မြောက်သွားဖို့ အဲဒါတွေ ချုပ်ငြိမ်း တဲ့ဘ၀မှာ ပြီးတော့ငြိမ်းချမ်း သာယာတဲ့ ဘ၀မှာ ရပ်တည်နိုင်ဖို့ ဘယ်လို သတိမကွာ နေရမှာလဲ? ဘယ်လိုအသိပညာနဲ့ နေရမှာလဲ? ဒါကို အတိအကျ သိဖို့ လိုတယ်ပေါ့နော်။ သာမာန် လူပြောသူပြော ပြောတဲ့ သတိနဲ့ နေတာကို ဆိုလိုတာ မဟုတ်ဘူး။ သာမာန်ပြောကြတဲ့ အသိပညာနဲ့ နေတာကို ဆိုလိုတာ မဟုတ်ဘူး။ မြတ်စွာဘုရား ကိုယ်တိုင်က ဒီနည်းစနစ်တွေကို သုတ္တန်နှစ်ခုမှာ ဟောပေးထားတယ်။
မြန်မာနိုင်ငံမှာ ထင်ရှားပြီး လူသိများတဲ့ မဟာသတိပဋ္ဌာန်သုတ် မှာလည်းပဲ ဒီနည်းစနစ်ကို ပေးထားတာရှိတယ်။ ဒီနည်းစနစ်ဟာ သာမာန်အားဖြင့် ကြည့်မယ်ဆိုရင် အချို့အချို့ ပုဂ္ဂိုလ်တွေက ဒါဘာသာရေးလုပ်ငန်းပဲ ထင်ကောင်းထင်လိမ့်မယ်။ လူမှုရေးနဲ့ မဆိုင်ဘူး။ စီးပွားရေးနဲ့ မဆိုင်ဘူး၊ ပညာရေးနဲ့ မဆိုင်ဘူး။ နိုင်ငံရေးနဲ့ မဆိုင်ဘူး လို့ မြင်ကောင်း မြင်လိမ့်မယ်။
သို့သော် မြတ်စွာဘုရား ဟောကြားထားတဲ့ နည်းစနစ်တွေဟာ ဘာသာရေး သက်သက်လည်း မဟုတ်ဘူး။ ပညာရေးသက်သက်လည်း မဟုတ်ဘူး။ လူမှုရေး သက်သက်လည်း မဟုတ်ဘူး။ ဘ၀တစ်ခု လုံးရဲ့ အရေးအတွက် ဟောထားတာ၊ ဘ၀ ရထားတဲ့ ပုဂ္ဂိုလ်တိုင်း ဒီနည်းစနစ်ကို ကျင့်သုံးကြရ မှာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်စေ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်စေ ဒီနည်းစနစ် အတိုင်း လိုက်နာကျင့်သုံးရင် အကျိုးတရားရမှာပဲ။
တရားကို ကျင့်သုံးတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်မှ ကျင့်သုံးရတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင် မဟုတ်လည်း ကျင့်သုံးလို့ရတယ်။ ဘာဖြစ်လို့တုန်းဆိုရင် တရားဆိုတာ The law of nature ပဲ။ သဘာဝပဲ။ လမ်းကြောင်းနဲ့ အလားသဏာန်တူတယ်။ လမ်းကြောင်းဆိုတာ လူတိုင်း လျှောက်လို့ ရတယ်။ ဥပမာ ရွှေတိဂုံဘုရားကို ဦးတည်ထားတဲ့ လမ်းကြီးဆိုပါစို့။ အဲဒီလမ်းကြောင်းပေါ် လျှောက်သွားလို့ရှိရင် ရွှေတိဂုံ ဘုရားကို ရောက်ချင်တဲ့သူရော မရောက်ချင်တဲ့သူရော ရောက်သွားမှာ သေချာတယ်။ ဒီလမ်းကြောင်းပေါ် လျှောက်မယ်ဆိုရင် ရောက်တာချည်းပဲ မရောက်တဲ့ သူမရှိဘူး။
အဲတာမျိုးလိုပဲ မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ တရားဖြစ်တယ်။ ဘာသာရေး သက်သက် မဟုတ်ဘူး။ နေ့စဉ်ဘ၀မှာ လိုအပ်ချက်တွေ ရှိတယ်။ ဘာဖြစ်လို့ လိုအပ်ချက်တွေ ရှိတာတုန်းဆိုတော့ ဘုန်းကြီးတို့တတွေ နေ့စဉ်နဲ့အမျှ သောကနဲ့ နေကြရတယ်။ စိတ်ဆင်းရဲမှုတွေ ကြုံတွေ့ကြရတယ်။ အေး။ တပည့်တော်တို့ကတော့ အဆင်ပြေနေလို့ ဘာသောကမှမရှိဘူး လို့ ပြောကောင်းပြောလိမ့်မယ်။ မရှိဘူးလို့ ပြောလို့မရဘူး။ မကြုံသေးတာပဲရှိတယ်။ သောကမရှိတဲ့ သူဆိုတာ မရှိဘူး။သောကဟာ ရှိနေကြတာပေါ့။
သာမာန်ပုထုဇဉ် မှန်သမျှမှာ သောကတို့ ဒေါမနသတို့ ဆိုတာတွေဟာ စိတ်ရဲ့ ဖိစီးတွေအနေနဲ့ ရှိနေကြတယ်။ အဲဒီ ရှိနေတာတွေကို မဖယ်ထုတ်နိုင်လို့ရှိရင် ငြိမ်းချမ်းတဲ့ ဘ၀ ချမ်းမြေ့သာယာတဲ့ ဘ၀လို့ ဘယ်လိုပဲစကားလုံး လှလှ သုံးထားထား ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ် မဟုတ်လား။
သ
No comments:
Post a Comment